နိုင်ငံတကာအဆင့်မီကျောင်း

ကျောင်းအမည် တံခွန်အင်တာနေရှင်နယ်ကျောင်း (DGIS)
အကျယ်အဝန်း ၉.၄၇ ဧက
အဆောက်အဦးစုစုပေါင်း (၄) ခု
ကျောင်းသားပမာဏ ၂၀၀၀

“DAGUN INTERNATIONAL SCHOOL (DGIS)” သည် ဖွံ့ဖြိုးသစ်ကုမ္ပဏီက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးသစ်မြို့ပြဖွံ့ဖြိုးရေးအစီအစဉ် (Phwint Phyo Thit Urban Development Programs) များ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။ အဆိုပါ မြို့ပြဖွံ့ဖြိုးရေးအစီအစဉ် (Urban Development Programs) တွင် ၁) နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားမည့်  IB ကျောင်း၊ ၂) နိုင်ငံတကာအဆင့်မီ ဆေးရုံကြီး၊ ၃) Golf-Course နှင့် Clubhouse၊ ၄) ခေတ်မီကစားကွင်း (Amusement Park)၊ ၅) 3-star Hotel နှင့် 5-star Hotel, ၆) Real Estate – လူနေအိမ်ယာများနှင့် shopping mall တို့ပါဝင်ပါသည်။

နိုင်ငံတကာအဆင့်မီ သင်ကြားပေးမည့် “DAGUN INTERNATIONAL SCHOOL (DGIS)” သည် မြေဧက ၉.၄၇ ပေါ် တွင် တည်ဆောက်လျှက်ရှိပြီး (၁) အဓိကကျောင်းဆောင် (Main Building)၊ (၂) မူလတန်းကြိုကျောင်းဆောင် (Kindergarten building) ၊ (၃) အနုပညာခန်းမဆောင် (Theater) နှင့် (၄) အားကစားခန်းမဆောင် (Sports Complex) စသည့် အဓိကအဆောက်အအုံ (၄) ခုပါဝင်မည်ဖြစ်ပြီး ကျောင်းသား/သူပေါင်း ၂,၀၀၀ ခန့်ကို ပညာသင်ကြားပေးနိုင်မည်ဖြစ်ပါသည်။ ကျောင်းအဆောက်အအုံ ဒီဇိုင်းမှာ classic buildings ဖြစ်ပြီး ပြင်သစ်နိုင်ငံအခြေစိုက်  Archetype Group မှ ရေးဆွဲပေးထားခြင်းဖြစ်ပါသည်။

ထို့အပြင် co-curricular activities အတွက် ခေတ်မီဘောလုံးကွင်း၊ indoor swimming pool နှင့် indoor multi-purpose stadium ပါဝင်သော Sports Complex (အားကစားခန်းမဆောင်)၊ Visual Arts နှင့် Performing Arts အတွက် Theater (အနုပညာခန်းမဆောင်)၊ rooftop garden (ခေါင်းမိုးဥယျာဉ်)၊ မူလတန်းကြို ကျောင်းသူ/သားငယ်များအတွက်  outdoor swimming pool နှင့် outdoor playground ကိုလည်းကောင်း ထည့်သွင်းတည်ဆောက်ထားပါသည်။ ကျောင်းသည် ၎င်း၏ ပထမအဆင့် ဆောက်လုပ်ရေးပြီးစီးပြီးနောက် ၂၀၂၅ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားပါသည်။

ပညာရေး၏ ရည်ရွယ်ချက်

ပညာရေး၏ ရည်ရွယ်ချက်ကို စဉ်းစားသည့်အခါ ဆရာ၊ ဆရာမများ၏  အခန်းကဏ္ဍမှာ အလွန်အရေးပါပြီး ကလေးငယ်များ ပညာရပ်နယ်ပယ်အသီးသီးတွင် စာရေး၊ စာဖတ်ခြင်းနှင့် တီထွင်ဖန်တီးခြင်းမှရရှိသော အသိပညာများ၊ အတတ်ပညာများ စသည့်ကိစ္စရပ်တို့ပင် ဖြစ်ပါသည်။

ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာက “စစ်မှန်သော ပညာရေး၏ ရည်မှန်းချက်ပန်းတိုင်မှာ အသိဉာဏ်ပညာနှင့် ကိုယ်ကျင့်တရားကို ပြုစုပျိုးထောင်ပေးခြင်းဖြစ်သည်” ဟုဆိုခဲ့ဖူးသည်။

ပညာရေး၏ ဦးတည်ချက်မှာ ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာလူ့အသိုင်းအဝိုင်းအတွက် အဖိုးတန် လှသော/ တန်ဖိုးရှိလှသော ပိုင်ဆိုင်မှုများဖြစ်သည့်  အသိပညာဗဟုသုတ၊ ကျွမ်းကျင်မှုများ၊ စိတ်နေသဘောထားများကို လေ့ကျင့်သင်ကြားပေးခြင်းဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ကျောင်းသား/ သူများကို ယနေ့လေ့ကျင့်သင်ကြားပေးသည့် အကြောင်းအရာသည် မနက်ဖြန် သို့မဟုတ် မဝေးသည့် အနာဂတ်တွင် မတူညီသော အကြောင်းအရာနှင့် အနေအထားများ၌ ကြုံတွေ့ရမည့် ပြဿနာများကို ဖြေရှင်းနိုင်မည့် အသိပညာဗဟုသုတနှင့် စွမ်းရည်များကို အသုံးချနိုင်ရန် ဖြစ်ပါ သည်။

ယခုအခါ ကမ္ဘာကြီးသည် သီးခြားစီမဟုတ်သော ကမ္ဘာ့လူ့အသိုက်အဝန်းအဖြစ် ရပ်တည်လျက်ရှိရာ ကျွန်ုပ်တို့အနေဖြင့် ကျောင်းသူ/သားများကို ယဉ်ကျေးအရနှင့် စိတ်ပိုင်းဆိုင်ရာ ထူးချွန်ထက်မြက်စေရန် လက်တွေ့သင်ကြားပေးပါသည်။ သို့မှသာ ကလေးတွေအနေဖြင့် ဒေသတွင်း၊ မြို့တွင်း၊ နိုင်ငံတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လူမှုဆက်ဆံရေးအဆင့်များတွင် ပြဿနာများ ဖြေရှင်းရန်နှင့် အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှုများဖန်တီးရန် ကမ္ဘာ့ဒေသအသီးသီးမှ မိတ်ဆွေများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။

Dagun International School (DGIS) တွင် အထက်ဖော်ပြပါ ကျွမ်းကျင်မှုနှင့် လက်တွေ့ သင်ကြား လေ့ကျင့်ပေးမည့်သင်ခန်းစာများကို မူလတန်းကြိုမှ အထက်တန်းအဆင့်အထိ သင်ကြားပို့ချမည့် သင်ရိုးညွှန်းတမ်း၊ စာသင်အတန်းများနှင့် လက်တွေ့ဆောင်ရွက်မှုများ၌  ထည့်သွင်းထားပါသည်။ 

ကျောင်း၏သင်ရိုးညွှန်းတမ်း

“DAGUN INTERNATIONAL SCHOOL (DGIS)” သည် ၂၀၁၉ ခုနှစ်မှစ၍ IB Diploma candidate ကျောင်းဖြစ်ပြီး IB education programs (၃) ရပ်ဖြစ်သည့် ၁) IB Primary Years Program, ၂) IB Middle Years Program နှင့်  ၃) Diploma Program တို့ကို  ကျောင်းသင်ရိုးညွှန်းတမ်းအဖြစ်ကျင့်သုံး၍ လေ့ကျင့်သင်ကြားမည်ဖြစ်ပါသည်။ International Baccalaureate Organization သည် ၁၉၆၈ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိအချိန်တွင် IB program များကို နိုင်ငံပေါင်း ၁၅၃ နိုင်ငံရှိ ကျောင်းပေါင်း ၅,၀၀၀ ကျော်တွင် သင်ကြားပို့ချလျက်ရှိပါသည်။

Dagun International School (DGIS) မှ သင်ကြားပို့ချမည့် IB ပညာရေးဆိုသည်မှာ…..

  1. စူးစမ်းလေ့လာလိုစိတ်၊ ဗဟုသုတရှာဖွေလိုစိတ်နှင့် ဖေးမကူညီလိုစိတ်ရှိသော ကျောင်းသား/သူများကို မွေးထုတ်ပေးရန်၊
  2. ကျောင်းသူ/သားများအနေဖြင့် လူမှုပတ်ဝန်းကျင်၏ ရှုပ်ထွေးကျယ်ပြန့်သော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် လိုအပ်သော အရည်အချင်းများ ပြည့်ဝ၍ ပိုမိုကောင်းမွန်ပြီး အေးချမ်းသာယာသော လူမှုအသိုက်အဝန်းကို ကူညီဖန်တီးပေးနိုင်ရန်၊
  3. ကျောင်းသား/သူ တစ်ဦးချင်းစီကို အလေးဂရုပြု၍ လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပြီး စဉ်းစား တွေးခေါ်၍ ဝေဖန်ပိုင်းခြားနိုင်သောစွမ်းရည်ဖွံ့ဖြိုးမှု (cognitive development) သာမက လူမှုဆက်ဆံရေး၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကောင်းကျိုး ရလဒ်ကိုပါ ဖော်ဆောင် ပေးရန်၊
  4. ကျောင်းသူ/သားများအား ပညာလေ့လာသင်ယူခြင်းကို ၎င်းတို့၏ နေ့စဉ်ဘဝ၏ တစ်စိတ် တစ်ဒေသအဖြစ် တန်ဖိုးထားတတ်စေရန်၊

အလေးထားသင်ကြား လေ့ကျင့်ပေးခြင်းဖြစ်ပါသည်။

IB ၏ မတူညီ ကွဲပြားမှု  

DGIS သည် အသက် ၃ နှစ်မှ ၁၈ နှစ်အရွယ် ကျောင်းသား/သူများအတွက် IB programmes လေ့ကျင့် သင်ကြားပို့ချပေးနိုင်ရန် International Baccalaureate (IB) အဖွဲ့အစည်းထံမှ အသိအမှတ်ပြုမှု (accreditation) ကို ရယူမည်ဖြစ်ပါသည်။  

IB ကို ရွေးချယ်ခြင်း  

IB programmes သည် အခြားသော သင်ရိုးညွှန်းတမ်းများထက် ပိုမို၍ လေ့လာသင်ယူနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ IB programmes သည် လေ့လာသင်ယူခြင်းနှင့် ထူးချွန်ထက်မြက်ခြင်း အတွက် စူးစမ်းလေ့လာသင်ယူလိုစိတ် (healthy appetite) နှင့်အတူ မတူညီကွဲပြားမှု (intercultural understanding) အား သိရှိနားလည်၍ တန်ဖိုးထားလေးစားခြင်းမှတဆင့် ပိုမိုကောင်းမွန်သော ကမ္ဘာ လောကကို တည်ဆောက်မည့် ကျောင်းသူ/သားများကို ပြုစုပျိုးထောင် (develop) ပေးရန် လေ့ကျင့် သင်ကြားပေးခြင်းဖြစ်ပါသည်။  

IB programmes သည် အခြားသော သင်ရိုးညွှန်းတမ်းများနှင့် မတူညီ ကွဲပြားလျက်ရှိသည်။ အကြောင်းမှာ –  

(၁) ကျောင်းသား/သူများကို အသက်အရွယ်အလိုက် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသော စဉ်းစားတွေး ခေါ်နိုင်ရန်နှင့် အတွေးအခေါ်ယူဆချက်များကို စိန်ခေါ်နိုင်ရန် တိုက်တွန်းအားပေးခြင်း၊  

(၂) ကမ္ဘာလုံးဆိုင်ရာလူ့အသိုက်အဝန်းအဖြစ် ရပ်တည်နေသည့် စာသင်ကျောင်းများနှင့် သုတေ သနလုပ်ငန်းမှတဆင့် အရည်အသွေးပြည့်ဝသည့် လက်တွေ့ဆောင်ရွက်ချက် ပေါင်းစည်း ခြင်း၊  

(၃) ကျောင်းသား/သူများကို အသက်အရွယ်အလိုက် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အကြောင်း အရာများကို စဉ်းစားဆင်ခြင်နိုင်ခြင်း၊   

(၄) ကျောင်းသူ/သားများကို ဘာသာစကားအမျိုးမျိုးကို ပြောဆိုနိုင်ရန် ပြုစုပျိုးထောင်ခြင်း၊  

IB ကျောင်းသူ/သားတစ်ယောက်သည် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ၊ ယဉ်ကျေးမှုကန့်သတ် ချက်များနှင့် သက်ဆိုင်ရာနိုင်ငံ၏ မူဘောင်များကို ကျော်ဖြတ်၍ အလိုက်သင့်စီးမြောနိုင်စွမ်းရှိသည့် ပတ်ဝန်းကျင်တွင် လေ့ကျင့်သင်ယူခြင်းနှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိစွာ စဉ်းစားတွေးခေါ်ခြင်းကို အပြု သဘောဆောင်စွာ စိန်ခေါ်နိုင်စွမ်းရှိသည်။  

IB programmes သည် IB ကျောင်းသူ/သားများကို   

(က) အရည်အချင်းဆန်းစစ်သည့် မေးခွန်းများ မေးနိုင်စွမ်းရှိခြင်း၊   

(ခ) ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိစွာ စဉ်းစားတွေးခေါ်ခြင်း၊  

(ဂ) နည်းလမ်းမျိုးစုံဖြင့် လေ့လာသင်ယူနိုင်ခြင်း (learn across disciplines) နှင့်  

(ဃ) အဆင့်မြင့်ပညာသင်ယူသည့်အခါ အထောက်အကူဖြစ်စေမည့် သုတေသနစွမ်းရည်များ လေ့ ကျင့်ပျိုးထောင်ပေးခြင်း၊  

တို့ကို ကူညီပံ့ပိုးပေးခြင်းဖြစ်သည်။ IB programmes သည် ကျောင်းသား/သူများကို ၎င်းတို့၏ လူမှု ပတ်ဝန်းကျင်တွင် တက်ကြွစွာပါဝင်ဆောင်ရွက်စေရန်နှင့် ပညာရပ်ဆိုင်ရာ နယ်ပယ်ပြင်ပကိုလဲ လေ့ လာသင်ယူနိုင်စေရန် တိုက်တွန်းအားပေးကူညီသည်။  

စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်သောအရည်အသွေးများ (soft skills) – ဘာ့ကြောင့် အရေးပါသလဲ 

ပညာပို့ချသူများ (educators) ဖြစ်သော ကျွန်ုပ်တို့၏ ပန်းတိုင်မှာ ကျောင်းသူ/သားများကို ကမ္ဘာလုံး ဆိုင်ရာလူ့အသိုင်းအဝိုင်းအတွက် အဖိုးတန်လှသော/ တန်ဖိုးရှိလှသော လူသားများဖြစ်လာရန် အလို့ ငှာ လိုအပ်သည့် အသိပညာ၊ စွမ်းရည်များနှင့် စိတ်နေသဘောထားတို့ကို လေ့ကျင့်သင်ကြားပေးရန် ဖြစ်ပါသည်။  

သင်ရိုးညွှန်းတမ်းတွင် ကျောင်းသူ/သားများ၏ အသက်အရွယ်အလိုက် သိရှိတတ်မြောက်ရမည့် ဘာသာစကားများ၊ လူမှုရေးဘာသာရပ်၊ သိပ္ပံဘာသာရပ်၊ သင်္ချာဘာသာရပ်၊ ယဉ်ကျေးမှုအနုပညာ ဘာသာရပ်နှင့် ကိုယ်ခန္ဓာနှင့် ကျန်းမာရေးပညာပေးဘာသာရပ်တို့ ပါဝင်ရန် အရေးကြီးသည်။  

ထို့အပြင် ကျောင်းသူ/သားများကို အဆင့်မြင့်ပညာသင်ကြားမည့် တက္ကသိုလ်၊ လုပ်ငန်းခွင်၊ ၎င်းတို့၏ နေ့စဉ်ဘဝနှင့် သက်ဆိုင်ရာလူမှုအသိုင်းအဝိုင်းများ၌ ရှင်သန်ရပ်တည်နိုင်စေရန် လိုအပ်သော စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်သောအရည်အသွေးများ (soft skills) လေ့ကျင့်သင်ကြားပေးရမည် ဖြစ်သည်။  

IB ပညာရေးတွင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်သောအရည်အသွေးများ (soft skills) ဖြစ်သည့် မိမိကိုယ်ကို စီမံခန့်ခွဲနိုင်မှုစွမ်းရည်များ (အသင်းအဖွဲ့ဖြင့် ဆောင်ရွက်နိုင်သည့် စွမ်းရည်များ)၊ စဉ်းစား တွေးခေါ်နိုင်မှုစွမ်းရည်များ (တီထွင်ဖန်တီးခြင်းနှင့် စဉ်းစားဝေဖန်သုံးသပ်ခြင်း) ၊ လူမှုပေါင်းသင်း ဆက်ဆံရေး စွမ်းရည်များနှင့် သုတေသနစွမ်းရည်များ (သတင်းမီဒီယာအသုံးအနှုန်းများတတ်ကျွမ်းမှု) ကို အလေးထား၍ လေ့ကျင့်သင်ကြားပေးခြင်းအား ဆရာ/ဆရာမများ အားလုံးက သင်ခန်းစာအစီ အစဉ် ရေးဆွဲခြင်းနှင့် စာသင်ခန်းသင်ကြားလေ့ကျင့်ပေးခြင်းတို့ မပါမဖြစ် ထည့်သွင်းရေးဆွဲရခြင်း ဖြစ်သည်။ 

Dagun International School (DGIS) တွင် ကျွန်ုပ်တို့ခန့်အပ်မည့် ဆရာ/ဆရာများအားလုံးကို သက်ဆိုင်ရာ IB သင်တန်းများ ပို့ချပေးမည်ဖြစ်ပြီး ဆရာကြီး/ဆရာမကြီးများက ၎င်းတို့ သင်ကြားပို့ချမည့် ဘာသာရပ်အားလုံးနှင့် အတန်းအားလုံး၌ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်သောအရည်အသွေးများ (soft skills) ကို အလေးထား၍ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်။ 

Dagun International School (DGIS) တွင် သင်ကြားမည့် IB programmes

IPrimary Years Programme (PYP) သည် အသက် ၃ နှစ်မှ ၁၂ နှစ် ကျောင်းသူ/သားများကို ဘာသာရပ်ပေါင်းစုံမှ ဗဟုသုတ၊ အတွေးအခေါ် အယူအဆနှင့် စွမ်းရည်များအား လေ့လာ သင်ယူ၍ လက်တွေ့ အသုံးချနိုင်ရန် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်သည်။

Middle Years Programme (MYP) သည် အသက် ၁၁ နှစ်မှ ၁၆ နှစ်အရွယ် ကျောင်းသူ/သား များကို ၎င်းတို့၏ လေ့လာသင်ယူမှုနှင့် ပြင်ပလူမှုပတ်ဝန်းကျင်စိန်ခေါ်မှုအကြား လက်တွေ့ ဆက်စပ် အသုံးချနိုင်ရန် အထူးပြုလေ့ကျင့်ပေးသော သင်ရိုးညွှန်းတမ်းဖြစ်ပြီး ကျောင်းသူ/သား တစ်ဦးချင်းအလိုက် စိတ်ဝင်စားရာ ဆောင်ရွက်ရသည့် ပရော့ဂျက်ဖြင့် ဖွံ့ဖြိုးမှုစွမ်းရည်အမြင့်ဆုံး မြှင့်တင်ပေးခြင်းဖြစ်ပါသည်။

Diploma Programme (DP) သည် အသက် ၁၆ နှစ်မှ ၁၉ နှစ်အရွယ် အထက်တန်း ကျောင်းသူ/ သားများအား ပိုမို နက်ရှိုင်း၍ ကျယ်ပြန့်သော အသိပညာဗဟုသုတများကို အလေးထားသင်ကြား ပေးပါသည်။ DP သင်ရိုးညွှန်းတမ်းတွင် အဓိဘာသာရပ် (၆) ခုအပြင် အသိပညာပိုင်းဆိုင်ရာသီအိုရီ Theory of Knowledge (TOK), တီထွင်ဖန်တီးခြင်း၊ လက်တွေ့ဆောင်ရွက်ခြင်း၊ ဝန်ဆောင်မှုပေး ခြင်း Creativity, Activity, Service (CAS) နှင့် စာလုံးရေ ၄,၀၀၀ အထိပါဝင်သည့် သုတေသန စာတမ်းပြုစုရသောာ Extended Essay (EE) တို့ကို သင်ကြားလေ့ကျင့်ပေးခြင်းဖြစ်သည်။

ကျောင်းတည်ဆောက်ရေး

DGIS ဆောက်လုပ်ရေးတိုးတက်မှုမှတ်တမ်း (၂၀၂၃ ခုနှစ် ဩဂုတ်လ)